အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းအနားက Lombok ရေလက်ကြားမှာ ဒေသခံတံငါသည်တစ်ယောက်ဟာ ငါးဖမ်းရင်းနဲ့ ထူးထူးဆန်းဆန်း “ငါး” တစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ တရုတ်နိုင်ငံထုတ် ၁၂ ပေရှည်တဲ့ ရေအောက်ဒရုန်း (Underwater Drone) တစ်စီးပဲ ဖြစ်ပါတယ်။ ဒီဒရုန်းပေါ်မှာ တရုတ်စာလုံးတွေနဲ့အတူ ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်းလုပ်ငန်းစု CSIC ရဲ့ တံဆိပ်ကို အထင်အရှားတွေ့ရတာကြောင့် ဒါဟာ တရုတ်ရဲ့ ထောက်လှမ်းရေးကိရိယာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

တကယ်တော့ အရှေ့တောင်အာရှ ရေပိုင်နက်ထဲမှာ တရုတ်ဒရုန်းတွေ တံငါသည်ပိုက်ကွန်ထဲ မိတာဟာ အခုမှ မဟုတ်ပါဘူး။ အရင်ကလည်း ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာ ဒီလိုပဲ ခဏခဏ တွေ့ဖူးပါတယ်။ နည်းပညာရှင်တွေကတော့ ဒါဟာ တရုတ်ရဲ့ Haishen အမျိုးအစား ရေနက်ပိုင်းသွား ဒရုန်းဖြစ်ပြီး သမုဒ္ဒရာအချက်အလက်တွေကို ခိုးယူစုဆောင်းနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ အခုတွေ့တဲ့ Lombok ရေလက်ကြားဟာ ရေငုပ်သင်္ဘောတွေ ဖြတ်သန်းဖို့ အကောင်းဆုံးလမ်းကြောင်းဖြစ်လို့ တရုတ်က ဘာကြောင့် စိတ်ဝင်စားနေလဲဆိုတာ တွေးစရာပါ။

အင်ဒိုနီးရှား အထူးရဲတပ်ဖွဲ့ က စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒီဒရုန်းထဲမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ မပါဝင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိပါးလာတဲ့ကိစ္စဖြစ်လို့ လက်ရှိမှာတော့ ဒီစက်ပစ္စည်းကြီးကို ရေတပ်စခန်းကို သယ်သွားပြီး အသေးစိတ် ဖြုတ်ယူစစ်ဆေးနေပါတယ်။ ကျွမ်းကျင်သူတစ်ယောက်ကတော့ “တရုတ်ရဲ့ ရေအောက်ဒရုန်းတွေကို အင်ဒိုတံငါသည်တွေက ပြန်ဆယ်ပေးရတဲ့ အစဉ်အလာကြီးကတော့ ဒီနှစ်မှာလည်း ဆက်ရှိနေတုန်းပဲ” လို့တောင် နောက်ပြောင်ရေးသားထားပါတယ်။
ဒီဖြစ်ရပ်ဟာ ဒေသတွင်း နိုင်ငံတွေအတွက်တော့ ရယ်စရာမဟုတ်ဘဲ တော်တော်လေး စိုးရိမ်စရာ ဖြစ်နေပါတယ်။ အထူးသဖြင့် မာလက္ကာရေလက်ကြားမှာ ပြဿနာတက်ရင် အစားထိုးသုံးရမယ့် မဟာဗျူဟာလမ်းကြောင်းတွေမှာ အခုလို ထောက်လှမ်းရေးဒရုန်းတွေ လာချထားတာဟာ အနာဂတ်မှာ ပဋိပက္ခတစ်ခုခုဖြစ်လာရင် တရုတ်က အသာစီးရအောင် ကြိုတင်ပြင်ဆင်နေတာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
Ref : newsweek




